loader image

မြန်မာ့ဗိသုကာလက်ရာ စကုမှန်ကင်းရုပ်စုံကျောင်း

မြန်မာ့ဗိသုကာလက်ရာစစ်စစ်ကို ရှေးဟောင်းသမိုင်းဝင် စကုမြို့အမှတ် ( ၁ )ရပ်ကွက်ရှိ မှန်ကင်းရုပ်စုံကျောင်းတွင်‌တွေ့ရှိလေ့လာနိုင်ပါသည်။ မည်သည့်အဆောက်အဦမဆို ဆောက်လုပ်လျင် တွက်ချက်ရသည့်နည်းတူ မြန်မာဘုန်းတော်ကြီးကျောင်းတစ်ဆောင်တည်ဆောက်ရာတွင် ထည့်သွင်းရမည့် နေဝင်‌နေထွက်၊ လေဝင်လေထွက်၊ အနိမ့်အမြင့်၊ ခေါင်၊ အမိုး၊ လှေခါး၊ ပြူတင်း၊တံခါး၊ လက်ရမ်း တို့၏ အယူအဆများမှာ ဗိသုကာလက်ရာအဆင့်မနိမ့်ကြောင်း တွေရှိနိုင်ပေသည်။

မြန်မာနိုင်ငံနေရာဒေသအသီးသီး၌ အုတ် သို့မဟုတ် သစ်သားဘုန်းကြီးကျောင်းများကို ခေတ်အဆက်ဆက် ဘုရင်နှင့် တော်ဝင်မိသားစုများ၊ သူဌေးသူကြွယ်များ ပြည်သူများတည်ဆောက်လှူဒါန်းကြရာ ဘုန်းတော်ကြီးကျောင်းနှင့် သာသနိကအဆောက်အအုံများသည် မန္တလေး၊ အင်းဝ၊ စစ်ကိုင်း၊ စလေ၊ စလင်း ၊ မြိုင် အစရှိသည့် မြို့နယ်များတွင် ယနေ့တိုင် အများဆုံးကျန်ရှိနေပေသည်။

ရှေးဟောင်းဘုန်းတော်ကြီးကျောင်းအများစုသည် မြန်မာ့ဗိသုကာဟန်ဖြင့်သာ တည်ဆောက်ခဲ့သော်လည်း မန္တလေး မြို့ရှိ သာကဝန်ကျောင်းနှင့်ယောအတွင်းဝန်ကျောင်းတို့သည် အနောက်တိုင်းနှင့် မြန်မာဟန်ရောနှော တည်ဆောက်ထားသည့် ကျောင်း များလည်းအနည်းငယ်ရှိခဲ့သည်။

မြန်မာဘုန်းတော်ကြီးကျောင်းများကို ပြာသာဒ်ဆောင်၊စနုဆောင်၊ဆောင်မကြီးနှင့် ဘောဂဆောင်တို့ ဖြင့် ဖွဲ့စည်းတည်ဆောက်ခဲ့ကြသည်။ဘုန်းတော်ကြီးကျောင်း၏ ခေါင်းရင်းဘက်တွင်ရှိသည့် ပြာသာဒ်ဆောင်ကို ပြာသာဒ် ငါးဆင့်၊ ခုနစ်ဆင့်၊ ကိုးဆင့်ထားလေ့ရှိရာတွင် ခုနစ်ဆင့်က အများဆုံးဖြစ်သည်။ ပြာသာဒ်ဆောင်၏ အရှေ့ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်တို့တွင် ဘုရင်၊ မိဖုရားနှင့် ဆရာတော်များသာ အတက်အဆင်း ပြုကြရသည့် လှေကားတစ်ခုစီကို တပ်ဆင်ထားလေ့ရှိသည်။

ပြာသာဒ်ဆောင်တွင် ဘုရားပလ္လင်နှင့် ဗုဒ္ဓဆင်းတုတော် ထားရှိသည်။ ပြာသာဒ်ဆောင်နှင့်ဆောင်မကြီး၌ကျောင်းထိုင်ဘုန်း ကြီး သီတင်းသုံးနေထိုင်၍ ယင်းအဆောင်နှစ်ခုကို ဆက်ထားသည့် စနုဆောင်တွင် ကျောင်းထိုင်ဘုန်းကြီးက အာဂန္တုဧည့်သည် ရဟန်းသံဃာများကို ဧည့်ခံတွေ့ဆုံသည်။

ဘုန်းတော်ကြီးကျောင်း၏ အဓိကအဆောင်ဖြစ်သည့်ဆောင်မကြီးကို နှစ်ထပ်လည်ပေါ်တည်ဆောက်ထားလျှင် ထားဝယ် ဆောင်၊ သုံးထပ်သို့မဟုတ် လေးထပ်လည်ပေါ် တည်ဆောက်ထားလျှင် ဇေတဝန်ဆောင်ဟု ခေါ်ဆိုကြပြီး ဆောင်မကြီး၏ လည် ပေါ် ကို ငါးထပ်ဆောက်လေ့မရှိချေ။ ဆောင်မကြီး၏ ဘေးပတ်လည်တွင် အပြင်သို့ ထုတ်ထားသော အမိုး(စမြင်)ရှိကာ နှစ်ထပ် စမြင်ခံကျောင်း၊ သုံးထပ် စမြင်ခံကျောင်းဟုခေါ်ဆိုမှုများလည်းရှိသည်။

ဆောင်မကြီးအလယ်တွင် မာရဘင်(ကြမ်းပြင်မှ အမိုးအထိ ပိတ်ဆီးထားသော အကာအရံ)ကန့်၍ အရှေ့ နှင့် အနောက် ပိုင်းခြားကာ အရှေ့မာရဘင်ဆောင်၊ အနောက်မာရဘင်ဆောင်ဟု ခေါ်ဆိုသည်။ မာရဘင်ဆောင်များ၌ နေ့ဘက်တွင် လူပရိတ် သတ်များကို ဧည့်ခံ၍ ညပိုင်းတွင် ရဟန်းသံဃာများ ကျိန်းစက်သည်။အချို့ဘုန်းကြီးကျောင်းများတွင်အရှေ့မာရဘင်၌ ဥပုသ်စောင့် တရားနာသူများနားခိုကြကာ အနောက်မာရဘင်ဆောင်၌ သက်ကြီးဝါကြီး ဆရာတော်များသီတင်းသုံးသည်။မာရဘင်တွင် အရှေ့ ဆောင်နှင့် အနောက်ဆောင်ကူရန် အပေါက် နှစ်ပေါက် ဖောက်ထားသည်။
မာရဘင်၏ ရှေ့ခန်းတွင် တံကဲပါရှိသော ပလ္လင်ကိုထားရှိပြီး နောက်ခန်းတွင် တံကဲမပါသော ပလ္လင်ကိုထားရှိသည်။ဆောင်မ ကြီး၏ ဝဲယာနှစ်ဖက်တွင် ရဟန်းသံဃာများနှင့်အမျိုးသားများတက်ဆင်းရန် လှေကားနှစ်ခုနှင့်အမျိုးသမီးများတက်ဆင်းရန် လှေကား နှစ်ခုတပ်ဆင်သည်။မြန်မာဘုန်းကြီးကျောင်းများတွင် ထုထည်ကြီးမား၍ လှပသော သရက်ကင်းအုတ်လှေကားများကို မြင်တွေ့ ကြရ သည်။

ဘုန်းကြီးကျောင်း၏ အနောက်ဘက်ဆုံးရှိ ဘောဂဆောင်ကိုဆောင်မကြီး၏ ကြမ်းခင်းအောက်သို့အနည်းငယ် နှိမ့်ထား သည်။ ဘောဂဆောင်တွင် အခန်းသုံးခန်းပါရှိ၍ ဘေးဘက်တစ်ခန်းတွင် ပန်းကန်ခွက်ယောက်များထား၍ ကျန်ဘေးခန်းတွင်သစ်သီး ဝလံများနှင့် စားသောက်ဖွယ်ရာများကို သိမ်းဆည်းပြီး အလယ်ခန်း၌ ကိုရင်များနေသည်။

စကုမြို့ရှိ မှန်ကင်းရုပ်စုံကျောင်းကို ၁၈၆၆ ခုနှစ်တွင် ဒေါ်ငြိမ်းကောင်းက ကျွန်းတိုင် ၁၃၆ လုံးကို အင်္ဂတေ အုတ်ဖိနပ်များ ခံ၍ စိုက်ထူ တည်ဆောက်ခဲ့ရာ အလျား ၁၃၁ ပေ၊ အနံ ၆၅ ပေခွဲရှိသည်။ ရုပ်စုံကျောင်းကို ပြာသာဒ်ဆောင်၊ စနုဆောင်နှင့် ဆောင် မကြီး တို့ဖြင့် ဖွဲ့စည်းထားသည်။ စနုဆောင် တစ်ဖက်တစ်ချက်တွင် ပစ္စည်းများသိုလှောင်သိမ်းဆည်းရန် ရည်ရွယ်ခဲ့ ဟန်ရှိသည့် ဝဲဆောင်နှင့် ယာဆောင်ဟု ခေါ်သည့် အဆောင်ပို တစ်ခုစီကို ထည့်သွင်း တည်ဆောက်ခဲ့သည်။ ကျောင်းပေါ်သို့ တက်ရန် မြောက်ဘက်တွင် အုတ်လှေကားနှစ်ခုနှင့် တောင်ဘက်တွင် အုတ်လှေကား တစ်ခုရှိကာ ဆောင် မကြီးတွင်ကိန္နရာရုပ်များထွင်းထုထားသည့် တံခါးရွက်များကို တပ်ဆင်ထားသည်။
ကျောင်းတိုင်များကို သဲကျောက်ဖုံးများဖြင့် အုပ် ထားပြီး ကျောင်း၏ လက်ရန်းပတ်လည်တွင် ဗုဒ္ဓဝင် ဇာတ်ကွက် သစ်သားရုပ်များသာမက ကုန်းဘောင်ခေတ် လူနေမှု ဘ၀ သရုပ် ဖော်များကိုပါ ထုလုပ် တပ်ဆင်ခဲ့သည်။
မှန်ကင်းရုပ်စုံကျောင်း အနောက်မြောက်ဘက်တွင် စူဠ ပဒုမ ဇာတ်တော်မှ ဇာတ်ကွက်များကို ထုလုပ် ထားပြီး အရှေ့ တောင် ထောင့်တွင် ဥဒေန ဇာတ်တော်မှ ဇာတ်ကွက်နှင့် မြောက်ဘက်တွင် မမယ်ဥ ဇာတ်ကွက်များကို ထုလုပ်ထားသည်။ ထို့အတူ နဂါးရုပ်၊ ဘီလူးရုပ်၊ဝန်ကြီး၊ စစ်သူကြီး၊ ရသေ့စသည့် အရုပ်များကို ထည့်သွင်း ထုလုပ်ခဲ့သည်။
စကုမြို့တွင်ရှိသည့် ထင်ရှားသော သစ်သားကျောင်းများအနက် ပထမတိုက်သုံးထပ်ကျောင်းနှင့် မှန်ကင်းရုပ်စုံကျောင်း တို့သည် အထူး ထင်ရှားကြသည်။ ထို့အတူ ပွင့်ဖြူမြို့နယ်အတွင်းရှိ လယ်ကိုင်းရုပ်စုံကျောင်းသည် စကုမြို့အနီးတွင် တည်ရှိကာ စကုမြို့မှ အလွယ် တကူသွားရောက်နိုင်သည်။
ဤသည်တို့ကိုလေ့လာကြည့်မြင်သုံးသပ်၍ မြန်မာဘုန်းတော်ကြီးကျောင်းများ၏ ဓလေ့ထုံးစံသတ်မှတ်ချက်များ၊ အလှူရှင်တို့၏သဒ္ဒါတရားထက်သန်ပုံ နှင့်မြန်မာဗိသုကာပညာရှင်တို့၏ ဆောက်လုပ်ရေးဆိုင်ရာအတွေးအခေါ်အယူအဆ တို့မှာအဆင့်တန်းမနိမ့်လှကြောင်း ဖေါ်ပြနေပါတော့သည်။
ကျမ်းကိုး
– မောင်သာ(ရှေးဟောင်းသသုတေသန)
– မြန်မာ့စွယ်စုံကျမ်း
– မြန်မာမှုအဆင်တန်ဆာနှင့်ဘုန်းတော်ကြီးကျောင်းများ (မောင်ယဉ်လှိုင်း၊ပျဉ်းမမြိုင်)
_ ရှေးဟောင်းသုတေသနလေ့လာသူများအဖွဲ့ (ဖေ့စ်ဘုတ်)

Feedbacks

No comments, be the first visitor to comment on this post!

Reviews

No review
5
0 review
4
0 review
3
0 review
2
0 review
1
0 review
0
0 review
You must log in to post a review.
Click here to log in
No reviews yet. Be the first to post a review.

Main Menu

Builder Mall

FREE
ကြည့်ရှုမည်